မိုင်းစံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများ စာကြည့်တိုက်ကိုအသုံးချတက်စေရန် စာပေဖတ်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးဆိုင်ရာများနှင့် စာပေဖတ်ရှုခြင်းဖြင့် အမှား၊ အမှန်များ ဝေဖန်ပိုင်းခြားတတ်ပြီး အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး "စာတတ်မြောက်ခြင်း၏ အကျိုး၊ စာပေရဲ့ ကျေးဇူး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးက ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များပါ အသိပညာဗဟုသုတရရှိစေမည့် ခေါင်းစဉ်များကို ဖတ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက ပြန်လည်ရှင်းလင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)