ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

ဇမ္ဗူသီရိ ‌ဇန်နဝါရီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်ပညာ‌ရေးမှူးရုံးမှ ကြီးမှူးကျင်းပ‌သော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း “ဇမ္ဗူရွှေကြာခန်းမ”၌ကျင်းပရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက အဖွင့်အမှာစကား‌ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာ‌ ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်းပါးထူးချွန်ဆုနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် လုပ်အားပေးဆရာမများ၊ မြို့နယ်အဆင့်လူရည်ချွန်ရွေးချယ်ခြင်းခံရသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသား၊  ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ယိမ်းသမလေးတွေ” သီချင်း၊ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “လောကအားမာန်” သီချင်း၊ “ဂျိမ်းဖော”သီချင်း၊ "ထာဝရသစ္စာ" သီချင်း၊ "လက်ဝဲသုန္ဒရတို့ခေတ်" သီချင်း၊ "မြန်မာ့ကျောင်း" သီချင်းတို့ဖြင့်  အခမ်းအနားတက်ရောက်လာကြသူများအား သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)