နေပြည်တော်ကလေးပြုစုရေးဌာနနှင့် လယ်ဝေးမြို့နယ်တို့တွင် ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်

လယ်ဝေး ဇန်နဝါရီ

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများမှ ကလေးငယ်များ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကလေးပြုစုရေးဌာန၌  ကျင်းပခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် ကျောင်းသားမိဘများ၊ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများတွင် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းရှစ်ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရိုးရိုးပြေး၊ မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြေး၊ ရေဗူးဖြည့်ပြေး၊ အရုပ်ထောင်ပြေး၊ စကောရွက်၊ ဖိနပ်စီး၊ ဦးထုပ်ဆောင်းပြေး၊ အာလူးကောက်ပြေး၊ အလံလက်ဆင့်ကမ်းပြေး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဆုရရှိသည့် သားငယ်၊ သမီးငယ်လေးများအား နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

နေပြည်တော်အတွင်း ကိုယ်ပိုင်နှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်း ၉၇ ကျောင်း၊ ကိုယ်ထူ/ကိုယ်ထ မူလတန်းကြိုကျောင်း ၆၀ ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ သွားရောက်ကြည့်ရှုအားပေးပြီး လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ စာစီစာကုံးပြိုင်ပွဲသို့ ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်၊ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)