တာချီလိတ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျက်သရေဆောင် ရွှေတိဂုံစေတီတော်မြတ်၌ ထီးတော်တင်နိုင်ရေးနှင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ဂေါပကရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့မိမြို့ဖများနှင့် ဂေါပကအဖွဲ့ဝင်များက မယ်ခေါင်ရပ်ကွက်ရှိ ဝင်းလက်ရာ မိုးကုတ်အဆင့်မြင့် 3D ရွှေပန်းထိမ်နှင့် စိန်ရွှေရတနာဆိုင်မှ စိန်ဖူးတော်အား ရွှေတိဂုံစေတီတော်သို့ ပင့်ဆောင်ခဲ့ကြပြီး ဝင်းလက်ရာမှ တာဝန်ရှိသူများက စိန်ဖူးတော်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကို၊ တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စိန်ဖူးတော် စည်းကားသိုက်မြိုက်စွာ တင်လှူနိုင်ရေး၊ ဝစီပိတ်ဆရာတော်(ကျိုင်းတုံ)မှ မတည်လှူဒါန်းထားသော စိန်၊ ရွှေ၊ ကျောက်မျက်ရတနာများနှင့် စိန်ဖူးတော်အား ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလာဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တံဆိပ်ရ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒဓမ္မသီရိ၏ လွမ်းစေတီ တည်ထားဆောက်လုပ်နေမှုအခြေအနေများ၊ ပရဝုဏ်အတွင်း ပျံကျဈေးသည်များ စနစ်တကျဖြစ်စေရေးအတွက် ဆိုင်ခန်းများ ဆောက်လုပ်နိုင်ရေး၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေး စသည့်အခြေအနေများနှင့်ပတ်သက်၍ လိုအပ်ချက်များအား ညှိနှိုင်းဆွေနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များက စိန်ဖူးတော်အား ဖူးမြော်ကြည်ညိုကြပြီး မြို့မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အလှူရှင်များက ရွှေတိဂုံစေတီတော် စည်ကားသိုက်မြိုက်စွာ ထီးတော်တင်နိုင်ရေးနှင့် ဘက်စုံမွမ်းမံပြုပြင်နိုင်ရေးအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)