ပုဗ္ဗသီရိ ဇန်နဝါရီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဇေယျာသီရိခရိုင် ပညာရေးမှူး ဉီးရဲသူရခင်စိုးနှင့် တာဝန်ရှိသူများ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်" သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။
ယင်းနောက် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညိုက အဖွင့်အမှာစကားပြောကြားပြီး ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးရဲသူရခင်စိုးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ဇေယျာသီရိခရိုင် ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဒုတိယမြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် အားကစားထူးချွန်ဆုရရှိသူများ၊ အထိမ်းအမှတ်နေ့ပြိုင်ပွဲများ၊ ကျောင်းသားအားကစားပြိုင်ပွဲများနှင့် အတန်းအလိုက် ဘာသာရပ်ထူးချွန်ဆုရရှိသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ယင်းနောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ပြည်ထောင်စုရဲ့ထာဝရအလှသီချင်း၊ “ချင်းတို့ဌာနေသီချင်း၊ “မြန်မာ့ကျောင်းသီချင်းတို့ဖြင့် အခမ်းအနားတက်ရောက်လာကြသူများအား သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ (ပြန်/ဆက်)