စစ်တွေ ဇန်နဝါရီ ၂
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်းနှင့် အားကစားခန်းမတို့တွင် ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး တာဝန်ရှိသူများသည် စစ်တွေမြို့၊ ဓညဝတီ အားကစားကွင်း၌ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။ လွန်ဆွဲပွဲတွင် အမျိုးသားအသင်း(၁၀)သင်း၊ အမျိုးသမီးအသင်း(၈)သင်း ဝင်းရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားလွန်ဆွဲပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းနှင့် အမျိုးသမီးလွန်ဆွဲပွဲတွင် အားကစားနှင့် ကာယပညာ ဦးစီးဌာနအသင်းတို့က အနိုင်ရရှိခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ဓညဝတီအားကစားခန်းမ၌ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း (၁၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
(၇၇)မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တို့တွင် စစ်တွေမြို့၊ ဓညဝတီအားကွင်း၌ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ အပြေးပြိုပွဲများ၊ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပွဲများ၊ ဓညဝတီ အားကစားခန်းမတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်နှင့် ဖူဆယ်အားကစားကွင်းတို့တွင် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)