လှိုင်သာယာ ဇန်နဝါရီ ၂
၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် ဇန်နဝါရီလ (၄) ရက်နေ့ အထိမ်းအမှတ်အဖြစ် သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ယနေ့ နံနက်(၇)နာရီက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လှိုင်သာယာ (အနောက်) ရပ်ကွက်အသီးသီးမှ ပြိုင်ပွဲဝင်ကလေးများနှင့်ကလေးမိခင်များ တက်ရောက်ကြသည်။
ဦးစွာ လှိုင်သာယာ(အနောက်)ဒေသန္တရဆေးခန်း တာဝန်ခံ ဒေါက်တာ စန်းမောင်နှင့် ဆေးခန်းတာဝန်ရှိဆရာများက ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းများ ပြုလုပ်ပေးကြပြီး ဆုအသီးသီးရရှိကြသည့် ကလေးသူငယ်များအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းက ပထမ၊ ဒုတိယ၊ တတိယ ဆုရကလေးများနှင့် အထူးဆုရကလေးငယ်များကို ဆုများအသီးပေးကာ (၃) မွှာပူးမွေးဖွားမိခင်နှင့် ကလေး၊ နှစ်မွှာပူးမွေးမိခင်နှင့် ကလေးများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ပြိုင်ပွဲသို့ ရောက်ရှိလာကြသည့် ကလေးငယ်များကိုလည်း ကလေးကစားစရာပစ္စည်းများ ချီးမြင့်ပေးသည်။
ပြိုင်ပွဲသို့ မွေးစမှ(၆)လထိ (၁၂)ဦး၊ (၆)လမှ (၁)နှစ်ထိ (၁၄)ဦး၊ (၁)နှစ်မှ (၁နှစ် ၆လ)ထိ (၃)ဦး စုစုပေါင်း ၂၉ ဦးနှင့် (၃)မွှာပူး (၁)တွဲ နှစ်မွှာပူး (၅) တွဲ ပြိုင်ပွဲဝင်ကလေးစုစုပေါင်း (၄၂) ဦး လာရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)