ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှစ်သစ်ကူးအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲ အခမ်းအနား တက်ရောက်

စစ်တွေ ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်၌ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်မြတ်များအား နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီမြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင်တည်ထားကိုးကွယ်လျက်ရှိသည့် မာရဝိဇယဆင်းတုတော်၊ အဘယရာဇမုနိဆင်းတုတော်နှင့် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင်စကြာမုနိဗုဒ္ဓရုပ်ပွားတော်တို့အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာရဝိဇယဆင်းတုတော်နှင့် အဘယရာဇမုနိဆင်းတုတော်နှစ်ဆူအတွက် စံကျောင်းတော်(၂)ဆောက်လုပ်နေမှုနှင့် နေပူခံကျောက်ပြားခင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသော နှစ်သစ်ကူးအသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။ ဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မြသိန်းတန်ကျောင်းတိုက်ပဓာနနာယကဆရာတော် ဘဒ္ဒန္တသုန္ဒရမဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ပြည်နယ်သာသနာရေးရုံးမှ ဦးသိန်းထွန်းက ပဋ္ဌာန်းဒေသနာတော်များနာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားပြီး ဒက္ခိဏာရာမပရိယတ္တိစာသင်တိုက်ပဓာနနာယက ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တမေဃိယက ရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် ဘုရားရှင်အား ပင့်လျှောက်ကာ စာချဆရာတော် ဦးဂန္ဓာမာလင်္ကာရက ပဋ္ဌာန်းအမွှမ်းဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး သံဃာတော်အရှင်သူမြတ်များကဦးဆောင်ကာ ဘာဏကသံဃာတော်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်အား စတင်ဖွင့်လှစ်ရွတ်ဖတ်ပူဇော်၍ အလှည့်ကျဘာဏကသံဃာတော်က ဆက်လက်ရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်ပရိဝုဏ်အတွင်းရှိရေကန်၌ နှစ်သစ်ကူးကာလ ဇီဝိတဒါနအဖြစ် ငါးလွှတ်ကုသိုလ်ကောင်းမှုပြုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲ အခမ်းအနား တက်ရောက်ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် ကလေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များအား စစ်တွေမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကု ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြုများက ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှုတို့အား စစ်ဆေးအမှတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် ကလေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကလေးငယ်များအား အာဟာရဖြည့်စွက်စာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ကြသည်။ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲသို့ စစ်တွေမြို့ပေါ်ရှိရပ်ကွက်အသီးသီးမှ မွေးစမှအသက် (၆)လအထိ ကလေးငယ်များ၊ အသက်(၆)လမှ အသက်(၁)နှစ်အထိ ကလေးငယ်များ၊ အသက်(၁)နှစ်မှ (၁)နှစ်(၆)လအထိ ကလေးငယ်များလာရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကမ္ဘာ့သာသနာပြုမဟာ ဇေယျသိဒ္ဓိအဓိဌာန်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရသည်။   

တင်ထွန်း(ပြန်/ဆက်)