သုံးခွ ဒီဇင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လက်ပန်စံပြကျေးရွာ၌ ရွှေလက်ပန်နာရေး ကူညီမှု အသင်းမှ ဦးဆောင်၍ ကျေးရွာသူ၊ ကျေးရွာသားများ၊ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းငွေများဖြင့် နာရေးကူညီမှုအသင်းရုံးအား တည်ဆောက်လျက် ရှိ ကြောင်း သိရသည်။
အဆိုပါနာ ရေးကူညီမှုအသင်းရုံးမှာ အလျား ၂၅ ပေ၊ အနံ ၁၅ ပေရှိ Steel Structure နှစ်ထပ်၊ အဆောက်အအုံသစ် ဆောက်လုပ်နေမှုမှာ ဒီဇင်ဘာ ၁ ရက်နေ့တွင် ၉၅ ရာခိုင်နှုန်းပြီးစီး နေပြီ ဟု သိရှိရပြီး တံခါးမကြီးတပ်ဆင်ခြင်း၊ ခြံစည်းရိုးကာရံခြင်း လုပ်ငန်းများသာ ကျန်ရှိပြီး ယင်းအဆောက်အအုံ ဆောက်လုပ်မှု ကုန်ကျစရိတ်မှာ ငွေကျပ်သိန်း ၁၀၀ ခန့် ကုန်ကျမည် ဟု သိရသည်။
၎င်းအဆောက်အအုံတွင် အရေးပေါ်လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်တို့ ထားရှိမှာဖြစ်ပြီး ကျေးရွာအုပ်စုအတွင်းရှိ သရေတန်း၊ နန်းခလဲ၊ ဝင်းကြီး၊ ဘုရားကုန်းကျေးရွာများနှင့် အခြားကျေးရွာများရှိ လူနာများ၊ ကျန်းမာရေးမကောင်းသူများအား ဆေးရုံများသို့ ပို့ဆောင်ကြို/ပို့ခြင်း၊ ဇီဝိတဒါန သွေးလှူဒါန်းခြင်းအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ အသက်ကယ်အရေးပေါ် အောက်စီဂျင်အိုးနှင့် နာရေးကိစ္စများအတွက် ၂၄ နာရီ အချိန်မရွေး ကူညီဆောင်ရွက်ပေးမည်ဟု သိရှိရသည်။
ရွှေလက်ပန်နာရေးကူညီမှု အသင်းသို့ အကူအညီတောင်းခံခြင်း၊ အလှူငွေများလှူဒါန်း လိုပါက ရွှေလက်ပန်နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးမင်းကိုကိုဦး ဖုန်း၀၉၄၂၅၃၀၂၈၆၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်