ကာလိ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပူးပေါင်း၍ “ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ( Public Talk ) ကို ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ဝမ်ပတ်ကျေးရွာအုပ်စု၊ လွိုင်ဆိုင်ကျေးရွာ (ဘုန်းကြီးကျောင်း) ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စောက အဖွင့်အမှာ စကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ ကာလိနယ်မြေရဲစခန်းမှ ရဲအုပ်မျိုးသန့် ၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ခိုင်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး၊ သစ်တောဦးစီးဌာနမှ တောအုပ်မြလင်း၊ မီးသတ်တပ်ဖွဲ့မှ ဦးစီးမှူး ဦးမျိုးအောင်သူက သက်ဆိုင်ရာ ကဏ္ဍ အသီးသီးကို ဟောပြော ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်စောက ရှမ်းဘာသာဖြင့် ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက် ကျေးရွာနေ ပြည်သူလူထုများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာဌာန အသီးသီးမှ ပြန်လည် ရှင်းလင်းဟောပြောပေးခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ပြန်/ဆက်)