ပျဉ်းမနား ဇန်နဝါရီ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် နေပြည်တော်ကောင်စီမှ ဦးဆောင်ကျင်းပသော ပျဉ်းမနားဘိုးဘွားရိပ်သာ၏ အကြိမ်(၃၂)မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဘိုးဘွားရိပ်သာ၌ ကျင်းပရာ နေပြည်တောင်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
နေပြည်တော်ကောင်စီမှ ဦးဆောင်ကျင်းပသော ပျဉ်းမနားဘိုးဘွားရိပ်သာ၏ အကြိမ် (၃၂) မြောက် နှစ်ပတ်လည် ဆွမ်းဆန်တော်လောင်းလှူပွဲကို ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား နှစ်စဉ်နှစ်တိုင်း လှူဒါန်းမှု၊ ကောင်းမှုကုသိုလ်များ ပွားများခြင်းဖြင့် စိတ်ပျော်ရွှင်ကြည်နူးစေပြီး သဒ္ဓါတရား ကုသိုလ်ဒါနများ ပွားများနိုင်စေရန် ရည်ရွယ်၍ သံဃာတော် (၉၀) ပါး နှင့် သီလရှင် (၁၈) ပါးတို့အား ဆွမ်းဆန်တော်နှင့် အထွေထွေအသုံးအဆောင်များ လှူဒါန်းခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား အထွေထွေအသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
"ပျဉ်းမနားမြို့ ဘိုးဘွားရိပ်သာကို ၁၉၉၀-၁၉၉၁ ခုနှစ်မှစ၍ နှစ်စဉ် ဇန်နဝါရီလ ၁ ရက်နေ့တိုင်း သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် အထွေထွေအသုံးအဆောင်များ လှူဒါန်းပွဲအား စေတနာရှင်၊ အလှူရှင်များက ငွေပဒေသာပင်များစိုက်ထူပြီး နှစ်စဉ်ကျင်းပခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများလည်း လိုက်ပါ၍ လှူဖွယ်ပစ္စည်းများ ငွေကြေးများကို လှူဒါန်းပြီး ထာဝရငွေပဒေသာပင်ကို နှစ်စဉ်စိုက်ထူပေးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် နေပြည်တော်ကောင်စီမှကြီးမှူး၍ ဌာနဆိုင်ရာများ၏ လှူဒါန်းမှု၊ ပြည်သူပြည်သားများ၏ လှူဒါန်းမှုတို့ဖြင့် ဆက်လက်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)