ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လွန်ဆေးပညာသင်တန်းများဖွင့်ပွဲနှင့် ဘွဲ့လွန်သင်တန်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ

မန္တလေး  ဇန်နဝါရီ   ၂

၂၀၂၅ ပညာသင်နှစ်၊ ဆေးတက္ကသိုလ်(မန္တလေး)၌ ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဖွင့်ပွဲနှင့် ဘွဲ့လွန်သင်တန်းသား/သူများအား ကြိုဆိုပွဲအခမ်းအနားကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက် (၁၀)နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀x၇၃ လမ်းထောင့်ရှိ အဆိုပါဆေးတက္ကသိုလ် အောင်ပင်လယ်ခန်းမဆောင်(၁)တွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ သင်ကြားစီမံ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ဆေးတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမျိုးသက်တင်က အမှာစကားနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယပါမောက္ခချုပ်(စီမံ) ပါမောက္ခဒေါက်တာစည်သူနှင့် ဘာသာရပ်ဆိုင်ရာသင်တန်းဥက္ကဋ္ဌများက တစ်ဦးချင်းမိတ်ဆက်ကြကာ ကြိုဆိုနှုတ်ဆက်စကား ပြောကြားကြသည်။ ထို့နောက်ဘာသာရပ်ဆိုင်ရာသင်တန်းဥက္ကဋ္ဌများကိုယ်စား ဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ ဒေါက်တာအေးအေးချစ်နှင့် နှလုံးရောဂါပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ပါမောက္ခ ဒေါက်တာကျော်စိုးဝင်းတို့က အမှာစကားပြောကြားကြပြီး သင်တန်းသား/သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြသည်။

ယခုပညာသင်နှစ်တွင် ဖွင့်လှစ်မည့် အထူးပြုဘာသာရပ်အသီးသီးတွင် ဒီပလိုမာ/ဆေးပညာ မဟာသိပ္ပံဘွဲ့လွန်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၈၀)ဦး၊ ပါရဂူဘွဲ့/ ဆေးလက်တွေ့ပါရဂူဘွဲ့လွန်သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၅၄)ဦး၊ စုစုပေါင်း (၁၃၄)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)