တောင်ကြီး ဇန်နဝါရီ ၂
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ခရစ်နှစ်သက္ကရာဇ် ၂၀၂၄ ခုနှစ်ကုန်၍ ကူးပြောင်းရောက်ရှိ တော့မည့် ၂၀၂၅ ခုနှစ် နှစ်သစ်ကိုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီမှစ၍ ပျော်ပွဲရွှင်ပွဲများ ကျင်းပကြိုဆိုကြသည်။
၂၀၂၅ ခုနှစ် နှစ်သစ်ကြိုဆိုပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်နီးရပ်ဝေးမှ တိုင်းရင်းသားပြည်သူများတက်ရောက်ခဲ့ကြပြီး စိန်နားပန်မီးပုံးပျံ ၅ လုံး၊ ညမီးကြီးမီးပုံးပျံ ၁၁ လုံး လွှတ်တင်ခြင်း၊ တေးဂီတဖျော်ဖြေပွဲများကျင်းပခြင်း၊ ဈေးရောင်းပွဲများ၊ ပြပွဲပြခန်းများခင်းကျင်းပြသရောင်းချခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကိုပျော်ရွှင်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းသန်းကျော် (တောင်ကြီး)