ကျောက်ပန်းတောင်းမြို့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲပြုလုပ်

ကျောက်ပန်းတောင်း   ဇန်နဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ဇန်နဝါရီ(၂)ရက်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်ဓာတ်ပုံများ၊ အဆိုအမိန့်များ၊ ဆောင်းပါးများ၊ ကဗျာများနှင့် ကာတွန်းများကို ဝေဝေဆာဆာပြသထားပြီး စာအုပ်ပြပွဲတွင် သုတ/ရသ စာအုပ်မျိုးစုံနှင့် လွတ်လပ်ရေးမှတ်တမ်းဝင်စာအုပ်များ စုစုပေါင်း (၁၂၀)အုပ်ကို ခင်းကျင်းပြသထားရာ အမှတ်(၁) အခြခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက အခန်းအလိုက် ဆရာ/ဆရာမများ၏ ကြီးကြပ်မှုဖြင့် လာရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်နှင့် ဒုတိယဦးစီးမှူး ဒေါ်သဲဖြူတို့က နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲမှတ်တမ်းများကို ရှင်းလင်းပြသကြပြီး (၇၇)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။

ပြပွဲကို အမှတ်(၁) အခြခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးခန့် လာရောက်ကြည့်ရှု လေ့လာခဲ့ကြပြီး အဆိုပါပြပွဲကို အများပြည်သူ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ရန်အတွက် ဇန်နဝါရီ(၄) ရက်နေ့ နံနက်ပိုင်းအထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)