မြစ်ကြီးနား ဇန်နဝါရီ ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၅ ခုနှစ် နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းစီမံကိန်းနေရာ၌ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီက နှစ်သစ်အကြို ဆုတောင်းဝတ်ပြုခြင်း၊ အကအလှများဖြင့် ဖျော်ဖြေ ခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ်၊ နှစ်သစ်အကြို ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်၏ ရည်မှန်းချက်၊ ဦးတည်ချက်များနှင့်အညီ ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ အောင်မြင်မှုရရှိသည့် ကဏ္ဍများနှင့် တွေ့ကြုံခဲ့ရမှုများကို ရှင်းလင်းပြောကြားပြီး ယနေ့ ၂၀၂၄ ခုနှစ်၊ နှစ်ဟောင်းကို နှုတ်ဆက်ပြီး ၂၀၂၅ ခုနှစ်ကို ရောက်ရှိတော့မည်ဖြစ်သည့်အတွက် ပိုမိုကောင်းမွန်တည်ငြိမ်အေးချမ်းသည့် ပြည်နယ်တစ်ခုဖြစ်လာစေရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် မိမိတို့အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ နှစ်ခြင်းခရစ်ယာန်အသီးသီးမှ သိက္ခာတော်ရဆရာများ အဖွင့်ပဏမကျမ်းချက် ဖတ်ခြင်းနှင့် ဆုတောင်းဆက်ကပ်ပေးကြပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်အတွင်း လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ၂၀၂၅ ခုနှစ်၊ နှစ်သစ်အတွက် ဆုတောင်းဆက်ကပ်ပေးနိုင်ရန် ဆုတောင်းခံချက်များနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ဓမ္မတေးသီချင်းများ ကျူးဧခြင်း၊ နှစ်သစ်အတွက် ကောင်းချီးတောင်းခံခြင်း၊ နှစ်သစ်အကြို ဓမ္မဒေသနာတော်များ ဟောကြားခြင်း၊ ကောင်းချီးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား မျိုးနွယ်စု ခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် အတူတကွ နှစ်သစ်အကြို ညစာကို တစ်ပျော်တစ်ပါး သုံးဆောင်ခဲ့ကြကာ တိုင်းရင်းသားရိုးရာအကအလှများ၊ ခေတ်ပေါ်အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကာ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကြိုဆိုသောအားဖြင့် မီးရှူးမီးပန်းများ ပစ်ဖောက်ကာ Happy New Year ကို ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)