မော်လမြိုင် ဇန်နဝါရီ ၁
ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ကြီးများနှင့် အခြားမြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများ ထည့်သွင်း၍ ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်း ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။
ထို့ပြင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ တပျော်တပါး နှစ်သစ်ကူးအခါသမယကို ဆင်နွှဲနိုင်ရန်အတွက် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ညနေ ၆ နာရီခွဲမှ စတင်၍ မော်လမြိုင်မြို့ သမိန်ဗရမ်းကွင်းတွင် ဖျော်ဖြေရေးစင်မြင့်ထားရှိ၍ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများနှင့်အတူ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း၍ ကျင်းပခဲ့သည်။
အဆိုပါ ပွဲတော်တွင် ဖျော်ဖြေရေးစင်မြင့်ထားရှိပြီး ခေတ်ပေါ်တေးဂီတများနှင့် DJ အစီအစဉ် များဖြင့် တွဲဖက်၍ နိုင်ငံကျော်အဆိုတော်များ၏ မြူးကြွစွာသီဆိုဖျော်ဖြေမှုများကြောင့် နှစ်သစ်ကူးပွဲတော်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ပြည်သူများအနေဖြင့်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ နှစ်ကူးအချိန်ကာလကို အတူတကွဖြတ်ကျော်ကြသည်။
ထို့နောက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဖျော်ဖြေတင်ဆက် ပေးခဲ့ကြသည့် နိုင်ငံတော်တေးသံရှင် အဆိုတော်များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပွဲတော်လာပြည်သူများသည် နှစ်သစ်ကူးအချိန်ကာလဖြစ်သည့် ည ၁၂ နာရီမထိုးမီ နှစ်ကူး Countdown ကို တပျော်တပါးရေတွက်ကြကာ ည ၁၂ နာရီတိတိတွင် Happy New Year ဟု တညီတညွတ်တည်း သံပြိုင်ရေရွတ်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်၍ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်၊ ရွှေစေတီကျောင်းတိုက် ပဓာနနာယက ဆရာတော် အရှင်ဓမ္မာနန္ဒ၏ ဝိဇာတမွေးနေ့ ကုသိုလ်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရွှေစေတီကျောင်းတိုက် ပဓာနနာယကဆရာတော် အရှင်စာနန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)