ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ နှစ်သစ်ကူးကာလအတွင်း ပြည်သူများ အပန်းပြေပျော်ရွှင်နိုင်စေရန် ရည်ရွယ်၍ ဈေးပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ(၃၀) ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၅) ရက်နေ့အထိ ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် အထူးစည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုဈေးပွဲတော်တွင် အပျော်စီးလှေ၊ ပျော့အိကလေးကစားကွင်း၊ ချားဝိုင်းများ၊ အပျော်တမ်းမြှားပစ်၊ တာယာကွင်းဘောလုံး၊ သားရေကွင်းပစ်၊ ကလေးကစားစရာအရုပ်ဆိုင်၊ ထမနဲ၊ ရေမုန့်၊ ဘူးသီးကြော်၊ အကင်စုံ၊ ထိုးမုန့်၊ မစ်ရှိတ်၊ ကောက်ညှင်းကျည်တောက်ဆိုင်များ၊ ဟာသလူရွှင်တော်များ၊ မျက်လှည့်၊ နိုင်ငံကျော်အကယ်ဒမီရုပ်ရှင်နှင့်သရုပ်ဆောင်များ၊ တေးသံရှင်အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်ခြင်းတို့ဖြင့် အထူးစည်ကားလျက်ရှိသည်။
ထို့ပြင် ဒီဇင်ဘာ (၃၁) ရက်နေ့ နှစ်သစ်ကူးညတွင် လာရောက်အပန်းဖြေကြသော ပြည်သူများနှင့်အတူ မီးရှူးမီးပန်းအလှများကိုလည်း အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပစ်ဖောက်ခြင်းများဖြင့် အထူးစည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
ဇွဲထက်(ပြန်/ဆက်)