အိမ်သုံးရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (သာကေတ) ဆိုင်သစ်ဖွင့်ပွဲ ကျင်းပ

သာကေတ ဇန်နဝါရီ ၁

စွမ်းအင်ဝန်ကြီးဌာန မြန်မာရေနံဓာတုလုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ရတနာစုကုမ္ပဏီလီမိတက်မှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အိမ်သုံးရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (သာကေတ) ဆိုင်သစ်ဖွင့်ပွဲကို ဇန်နဝါရီ (၁) ရက် နံနက် (၇:၃၀) နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ရှု့ခင်းသာမြို့ပတ်လမ်းမကြီး အမှတ် (၂၃၇/A-1) တွင် ကျင်းပပြုလုပ်ရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံအင်ဂျီနီယာကောင်စီ အတွင်းရေးမှူး ဦးလှဝင်းဋ္ဌေး၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးလွင်စိုး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချူပ် ဒေါ်အေးစန္ဒာလွင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုး၊ ရတနာစုကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးကောင်းထက်တို့က အိမ်သုံးရေနံ ဓာတ်ငွေ့ရည် အရောင်းဆိုင် (သာကေတ) ဆိုင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ဆက်လက်၍ ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင် (သာကေတ) ဆိုင်သစ်ဆိုင်းဘုတ်အား စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပြီး ဧည့်သည်တော်များက ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်အတွင်းသို့ လှည့်လည်ကြည့်ရှု့ကြသည်။

ထို့နောက် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့က အဖွင့်အမှာစကားများ ပြောကြားပြီး ရတနာစုကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ဦးကောင်းထက်က ရေနံဓာတ်ငွေရည်အရောင်းဆိုင် (သာကေတ) ဆိုင်သစ်တည်ဆောက်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)