ကျောက်ဆည် ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်တွင်) ရောဂါခံနိုင်ရည်ရှိပြီး မျိုးဗီဇတူညီသောအပင်များ၊ ရှားပါးအပင်များ၊ မျိုးသုဉ်းလုနီးပါးရှိသော အပင်များကို အပင်တစ်သျှူး မျိုးပွားနည်းပညာများဖြင့် သုတေသနပြုမျိုးပွားလျက်ရှိပြီး ပြည်သူများနှင့် တောင်သူများအား မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
အပင်တစ်သျှူးများ မျိုးပွားရာတွင် အာဟာရပြင်လိုအပ်ချက် (Nutrient Media)၊ ပိုးမွှားကင်းစင်သော အခြေအနေလိုအပ်ချက် (Aseptic Condition)၊ လေရရှိမှုလိုအပ်ချက် (Aeration) တို့သည် အရေးအကြီးဆုံး လိုအပ်ချက်များဖြစ်ကြောင်း၊ ပိုးမွှားကင်းစင်စေရန်အတွက် မွေးမြူမည့် အပင်အစိတ်အပိုင်းများအား ရွေးချယ်ခြင်း (Selection of Explants)၊ အပင်အစိတ်အပိုင်းများကို ပိုးသန့်ခြင်း (Sterilization of Explants)၊ အပင်စတင်မွေးမြူခြင်း (Inoculation of Explants)၊ အညွန့်များ၊ အရွက်များဖြစ်ပေါ်ခြင်း (Shoot Initiation and Shoot Proliferation)၊ အမြစ်များ ဖြစ်ပေါ်ခြင်း (Root Formation)၊ အပင်မာအဆင့်ပြုလုပ်ခြင်း (Hardening) များ အဓိကဂရုပြု လုပ်ဆောင်ရကြောင်း သိရသည်။
အပင်တစ်သျှူးမျိုးပွားနည်းပညာသည် အပင်ဆဲလ်များ၊ တစ်သျှူးများ သို့မဟုတ် အပင်၏အင်္ဂါ အစိတ်အပိုင်းများ (ဥပမာ- အရွက်၊ အညွန့်၊ အမြစ် စသည်) များကို အပင်အတွက် လိုအပ်သော အာဟာရဓာတ်များပါဝင်သည့် မီဒီယာခေါ် အာဟာရပြင်တစ်ခုတွင် ပိုးမွှားကင်းစင်သော အခြေအနေ၌ ရှင်သန်ကြီးထွားရန် (သို့မဟုတ်) ကြီးထွားစေရန်အတွက် မွေးမြူအသုံးပြုသည့် နည်းလမ်းတစ်ခုဖြစ်ပြီး၊ မျိုးစေ့ရရှိရန် ခက်ခဲသောအပင်များ၊ လိင်မဲ့နည်း (ကိုင်းဖြတ်၊ ကိုင်းကူး) ဖြင့် မျိုးပွားရန်ခက်ခဲသော အပင်မျိုးများအား အလွယ်တကူ မျိုးပွားပေးနိုင်ခြင်း၊ အရေးကြီးသော သီးနှံများကို အပင်တစ်သျှူး မျိုးပွားနည်းဖြင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိပြီး လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ကောင်းမွန်သော မျှော်မှန်းချက်များ ဖြစ်ကြောင်း သိရသည်။
ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်) အနေဖြင့် အပင်ဆဲလ်တစ်သျှူးမွေးမြူခြင်းနည်းဖြင့် ထုတ်လုပ်ထားသည့် မျိုးကောင်းမျိုးသန့်များကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုနိုင်ပြီး စျေးကွက်ဝင်သည့် ရွှေနီ၊ ခွံဝါငှက်ပျောမျိုးများနှင့် ဖီးကြမ်းငှက်ပျောမျိုးများကို အပင်တစ်သျှူးမျိုးပွားသည့်နည်းပညာဖြင့် မျိုးကောင်း၊ မျိုးသန့်အပင်ပေါက်များ အချိန်တိုအတွင်း၌ အမြောက်အများစွာထုတ်လုပ်လျက်ရှိပြီး ပြည်သူနှင့် တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)