တာမွေ ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ/ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဒေါ်စန်းစန်းထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်စန္ဒာအေးမှ ပြိုင်ပွဲအမျိုးအစားများအလိုက် အမှတ်ပေးစည်းမျဉ်းများကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ်အတွင်းရှိ မိခင်များနှင့် မွေးကင်းစမှ အသက် (၂) နှစ်အထိ ရင်သွေးငယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကလေးငယ် တစ်ဦးချင်းစီကိုလည်း အမှတ်တရမေတ္တာလက်ဆောင်အဖြစ် အမွှေးပွရုပ်များအား ပေးအပ် ချီးမြှင့်ခဲ့သည်။ အဆိုပါ ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်မိခင်များနှင့် ကလေးငယ်များအား သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကော်ဖီနှင့်မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ပြိုင်ပွဲဝင်မိခင်များနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)