သံဖြူဇရပ် ဇန်နာဝါရီ ၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သံဖြူဇရပ် နှစ်-၁၅၀ ပြည့် အထိမ်းအမှတ် ကာယအလှမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ မှ ၃၁ ရက်နေ့ထိ နေ့စဥ်နံနက် ၉ နာရီမှ စတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ပညာ့ဗိမာန်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံဖြူဇရပ် နှစ်-၁၅၀ ပြည့်ဂုဏ်ပြု တေးသီချင်းဖြင့် မြို့သူ၊ မြို့သားများမှ အဖွင့်သီချင်းနှင့် အကအလှများဖြင့်ဖျော်ဖြေ တင်ဆက်ပြီး၊ ကာယအလှမောင်နှင့် ကာယအလှမယ် ပြိုင်ပွဲများကို ကျင်းပရာ ဒိုင်အဖွဲ့များမှ နေရာယူပြီး၊ နှစ်-၁၅၀ ပြည့်အထိမ်းအမှတ် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အသီးသီးကိုယ်စားပြု အေရိုးဗစ်ပြိုင်ပွဲ၊ မွန်တိုင်းရင်းသူအလှမယ်ဝတ်စုံဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခြင်း၊ မွန်တိုင်းရင်းသားဝတ်စုံဖြင့်ဝင်ရောက် ယှဥ်ပြိုင်ခြင်း၊ အခြေခံပညာကျောင်းပေါင်းစုံကိုယ်စားပြု ကာယအလှမောင်နှင့် ကာယ အလှမယ်ပြိုင်ပွဲမှ တစ်ဦးချင်း စိတ်ကြိုက်ကိုယ်ဟန်ဝင်ရောက် မိတ်ဆက်ယှဥ်ပြိုင်ခြင်းနှင့် အသိပညာဗဟုသုတဆိုင်ရာ ဥာဏ်စမ်းမေးခွန်းများ မေးမြန်းဖြေကြား၍ ကာယအလှမောင် ၁၄-ဦးနှင့် ကာယအလှမယ်-၁၄ ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲဆုရ အေရိုးဗစ်ပြိုင်ပွဲ ပထမဆုရ အ.ထ.က(ပင)ကျောင်း၊ ကာယအလှမောင်ပြိုင်ပွဲ winner ဆုရအ.ထ.က(ပင)ကျောင်းကိုယ်စားပြုမောင်မျိုးထက်ဦးနှင့် ကာယအလှမယ်ပြိုင်ပွဲ winner ဆုရ ပညာခိုင်ခန့်ကိုယ်ပိုင် အထက်တန်းကျောင်းကိုယ်စားပြု မအိမ့်သဒ္ဒါခွန်ချိုနှင့် နှစ်-၁၅၀ ပြည့်ပွဲတော်အထိမ်းအမှတ် ပြိုင်ပွဲအသီးသီးမှ ဆုရရှိခဲ့ကြသူများအား သံဖြူဇရပ်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊သံဖြူဇရပ် နှစ်-၁၅၀ပြည့် အထိမ်းအမှတ် ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူ တို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် နှစ် -၁၅၀ပြည့်ပွဲတော်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)