မန္တလေး ဇန်နဝါရီ ၁
၂ဝ၂၄ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၅ခုနှစ် နှစ်သစ်ကို ကူးပြောင်းပြီဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူ နိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများဖြင့် အေးချမ်းပျော်ရွှင်မှုများနှင့်အတူ တပျော်တပါး ကြိုဆိုခဲ့ကြသည်။
မန္တလေးမြို့တွင် ကျင်းပသည့် နှစ်သစ်ကြိုဆိုခြင်းအထိမ်းအမှတ်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မန္တလေးမြိုသူ၊ မြို့သားများ၊ ပြည်သူလူထုနှင့်အတူ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅ခုနှစ် နှစ်သစ်မကူးခင် ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညနေ ၆ နာရီ မှ စတင်ကာ မန္တလေးမြို့တွင် နှစ်သစ်ကြိုဆိုခြင်း၏အနှစ်သာရကို မန္တလေးမြို့သူ၊ မြို့သားများ၊ ပြည်သူလူထုတို့က နိုင်ငံကျော်အဆိုတော် သရုပ်ဆောင်အနုပညာရှင်များ၊ DJ တို့၏ မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ မြူးထူးကခုန်ပျော်ရွှင်အေးချမ်းစွာဖြင့် ဖြတ်သန်းကြသည်။
၂၀၂၄ ခုနှစ် နှစ်ဟောင်းကုန်ဆုံးခါနီးအချိန် ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိတော့မည့် စက္ကန့်ပိုင်းအလိုတွင် နှစ်သစ်ကူး Countdown ကို အတူရေတွက်ခြင်း၊ ည ၁၂ နာရီတိတိတွင် Happy New Year ဟု သံပြိုင်ရွတ်ဆိုခြင်း၊ မီးရှူးမီးပန်းများပစ်ဖောက်ခြင်းတို့နှင့်အတူ နှစ်ဟောင်းကိုနှုတ်ဆက်၍ နှစ်သစ်ကို တပျော်တပါးကြိုဆိုခဲ့ကြကြောင်း၊ နိုင်ငံတော်ကြီး ပိုမိုငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုတောင်းကြိုဆိုခဲ့ကြကြောင်းနှင့် မိတ်ဟောင်းဆွေဟောင်း မိတ်သစ်ဆွေသစ်များထံသို့ စိတ်ရင်းစေတနာဖြင့် နှစ်သစ်ကူးဆန္ဒများနှင့်အတူ မက်ဆေ့ချ်များပေးပို့ခြင်းတို့ဖြင့် ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အောင်ဇော်မင်း