ရန်ကုန် ဇန်နဝါရီ ၁
သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှအဖွဲ့ကြီးမှူးကျင်းပသည့် 2025 Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် ယမန်နေ့မွန်လွဲပိုင်းတွင် ကျင်းပရာ ပွဲတော်လာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး 2025 Yangon New Year Countdown ပွဲတော်ကို ဒီဇင်ဘာလ (၃၁) ရက်၊ နေလည်(၁၂)နာရီမှ စတင်၍ကျင်းပရာ ပွဲတော်တွင် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်ကြပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်း၊ စတုဒီသာများကျွေးမွေးလှူဒါန်းခြင်းတို့ဖြင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ထို့ပြင် လာရောက်လည်ပတ်ကြသူများ စားရေးသောက်ရေး အဆင်ပြေစွာဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင် ပစ္စည်းဆိုင်များအပါအဝင် ဆိုင်ခန်းပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ရောင်းချပေးလျက်ရှိရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး ပျော်ရွှင်မှုများနှင့်အတူ သန့်ရှင်းစွာ စည်းကမ်းရှိသည့်ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရန် အမှိုက်ပုံးများအပြင် Mobile Toilet များ ထားရှိဆောင်ရွက်ခဲ့သည်။
ထို့ပြင် Countdown ရေတွက်သည့်အစီအစဉ်အပါအဝင် ဂီတဖျော်ဖြေရေးအစီအစဉ်များကို နေ့လည် ၁၂ နာရီမှ စတင်၍ ည ၁၂နာရီ ကျော်အထိ သီဆိုကပြ ဖျော်ဖြေတင်ဆက်သွားကြပြီး ဝင်ကြေးကို အခမဲ့သတ်မှတ်ထားကာ ပွဲတော်သို့လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် YBS မော်တော်ယာဉ်များဖြင့် အခမဲ့ပို့ဆောင်ပေးထားသဖြင့် လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာဖြင့် အထူးစည်းကာစွာ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အလားတူ 2025 Yangon New Year Countdown ပွဲတော်ကို ကျိုက္ကစံကွင်းနှင့် လှိုင်သာယာမြို့နယ်တို့တွင်လည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)