ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြုသင်တန်းကျောင်း(မြစ်ကြီးနား)၏ အဋ္ဌမအကြိမ် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းခြင်းအခမ်းအနား၊ မြစ်ကြီးနား ဈေးသူ/ ဈေးသားများနှင့် မြစ်ကြီးနားအကျဉ်းထောင်တို့၏ ခရစ္စမတ်နှင့် နှစ်သစ်ကူးကြိုဆိုဆုတောင်းပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား ဇန်နဝါရီ ၁

၂၀၂၅ ပညာသင်နှစ်အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားသူနာပြုသင်တန်းကျောင်း၏ အဋ္ဌမအကြိမ်မြောက် သူနာပြု-သားဖွား ဒီပလိုမာအပ်နှင်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၈ နာရီက သင်တန်းကျောင်း (၃)ထပ် စာသင်ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မြစ်ကြီးနားသူနာပြုသင်တန်း ကျောင်းနှင့် သားဖွားသင်တန်းကျောင်းများအနေဖြင့် သင်တန်းကျောင်းဖွင့်လှစ်ချိန်မှစ၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည့် သူနာပြုဆရာ/ ဆရာမများပေါင်း (၁၅၈၄)ဦးကို လေ့ကျင့်မွေးထုတ်နိုင်ခဲ့ပြီး ယခုလည်း သင်တန်းသား/ သင်တန်းသူ (၇၉)ဦးကို သူနာပြု-သားဖွားဒီပလိုမာ ထပ်မံအပ်နှင်းသွားမည်ဖြစ်သည့် အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အပြင် ဒီပလိုမာအပ်နှင်းခြင်းခံရမည့် လူငယ်မောင်မယ်များအနေဖြင့်လည်း လေ့လာသင်ယူခဲ့သော အတတ်ပညာမျာကို လက်တွေ့ထိရောက်စွာ လုပ်ဆောင်နိုင်ရန်၊ စောင့်ထိန်းရမည့် သူနာပြုဆိုင်ရာကျင့်ဝတ်များနှင့်အညီ ကျင့်ကြံနေထိုင်သွားရန် မှာကြားလိုပါကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်က ဒေါ်ဇမီထခေါင်ဆား သူနာပြု-သားဖွားဒီပလိုမာအပ်နှင်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုသင်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ပေးအပ်ခဲ့ရာ ဒီပလိုမာအောင်လက်မှတ်ရ သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ ဒီပလိုမာအပ်နှင်းခြင်းအခမ်းအနားတွင် သင်တန်းကျောင်း စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့များက ဦးဆောင်၍ ၂၀၂၅ ပညာသင်နှစ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကျင်းပစစ်ဆေးခဲ့သည့် ဒီပလိုမာလက်မှတ်ရ စာမေးပွဲကို မြစ်ကြီးနားသူနာပြုသင်တန်းကျောင်း စာစစ်ဌာနက ဖြေဆိုအောင်မြင်ခဲ့ကြသော သင်တန်းသား/ သင်တန်းသူ (၇၉) ဦးကို အောင်လက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများသည် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့နှင့် အမှတ်(၁)ဈေးနှင့် အမှတ်(၂)ဈေး၊ ရေစင်ကွင်းဈေးတို့မှ ဈေးသူ/ ဈေးသားများ ခရစ္စမတ်နှင့်နှစ်သစ်ကူးဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ကြခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဈေးသူ/ ဈေးသားများနှင့်အတူ ခရစ်ယာန်အသင်းတော် သိက္ခာတော်ရဆရာများ ဦးဆောင်မှုဖြင့် ခရစ်တော်မွေးနေ့ အထိမ်းအမှတ် ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုဆက်ကပ်ခြင်း၊ ခရစ်သက္ကရာဇ် ၂၀၂၅ နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် ဆုမွန်ကောင်းများ တောင်းခံခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပွဲတော်ပါဝင်ဆင်နွှဲခဲ့ကြသော မြစ်ကြီးနားမျက်မမြင်သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ် ၅ သိန်း ကိုလည်းကောင်း၊ ဈေးသူ/ ဈေးသားများက ခရစ္စမတ်လက်ဆောင်များကို လည်းကောင်း၊ ဈေးသန့်ရှင်းရေးနှင့် ညစောင့်ဝန်ထမ်းများ (၅၀)ဦးတို့အတွက် ဆန်၊ ဆီနှင့် ခြုံစောင်နှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မြစ်ကြီးနားအကျဉ်းထောင်၌ ကျင်းပပြုလုပ်သော ခရစ္စမတ်နှင့် ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် အားပေးခဲ့ကြသည်။

အဆိုပါ မြစ်ကြီးနားအကျဉ်းထောင် ခရစ္စမတ်နှင့် နှစ်သစ်ကူးကြိုဆိုပွဲတွင် YCC အကျဉ်းထောင်သာသနာမှ နှစ်ခြင်းခရစ်ယာန်သိက္ခာတော်ရဆရာများ၊ သင်းထောက်များက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းသံစုံကျူးဧခြင်းနှင့်ပြည်နယ် အကျဉ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခရစ်‌တော်မွေးနေ့ မင်္ဂလာအခမ်းအနား ယခုလို အတူတကွ ကျင်းပခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာပါကြောင်း၊ ထို့အပြင် ၂၀၂၄ ခုနှစ်၊ နှစ်ဟောင်းကို ခွန်အားယူပြီး ၂၀၂၅ ခုနှစ်၊ နှစ်သစ်တွင် စိတ်ဓာတ်အသစ်၊ ခွန်အားအသစ်များနှင့်အတူ ဆက်လက် လျှောက်လှမ်းကြစေလိုပါကြောင်း ခွန်အားပေးစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်အတွက် ချီးမြှင့်ငွေကျပ်သိန်း ၅၀ အပါအဝင် ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက စုစုပေါင်းချီးမြှင့်ငွေကျပ် သိန်း ၁၀၀ ကျော်ကို လှူဒါန်းခဲ့ကြကာ သိက္ခာတော်ရဆရာများက ကောင်းချီးတောင်းခံဆုတောင်းဆက်ကပ်ပေးကြပြီး အကျဉ်း သား/ အကျဉ်းသူများအား ကချင်ပြည်နယ်အနုပညာရှင်များအသင်းချုပ်မှ နိုင်ငံကျော်အဆိုတော်များ၊ ဒေသခံတေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)