ကျိုင်းတုံ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ယန်းလောကျေးရွာအုပ်စုနှင့် လွယ်လုံကျေးရွာအုပ်စုသို့ ယမန်နေ့နံနက် ၉ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောဝင်းသူ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်အတွင်းရှိ ယန်းလောကျေးရွာအုပ်စုနှင့် လွယ်လုံကျေးရွာအုပ်စုသို့ သွားရောက်၍ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူက ဒေသခံပြည်သူထံသို့ မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက ဒေသတွင်း လပ်မြေမရှိစေရေးအတွက် နွေစပါးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်စိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)