စစ်တွေ ဒီဇင်ဘာ ၃၁
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြရာ အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများကိုပေး အပ်ကြရာ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီး ကော်မတီနာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကားပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးစိုးဝင်းက (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ ကျင်းပခဲ့မှုများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူးများက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာ စကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဝင်္ကဘာကွင်းမြေကြီးဖို့ခြင်း၊ ပလက်ဖောင်းဆောင်ရွက်ခြင်း၊ အုတ်ရိုးစီခြင်းနှင့် သံပန်းအလှဖြင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဝင်္ကဘာကွင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ စနစ်တကျတူးဖော်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)