နမ့်စန်မြို့နယ်၌ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အခမ်းအနားကျင်းပ

နမ့်စန် ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နမ့်လစ်ကျေးရွာအုပ်စု၊ လွယ်ဆိုင်း ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းတာဝန်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအန္တရာယ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူမှုရေးပင်စင်တို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများက အသိပညာပေးဟောပြောရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများက ကျေးရွာအတွင်း လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။

ယင်းနောက် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက ယင်းကြား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အား အလှူငွေများပေးအပ်ပြီး နမ့်လစ်ကျေးရွာအုပ်စုရှိ တိုင်းရင်းသားများ၏ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်း ပညာလိုအပ်မှုဆန်းစစ်စီမံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သူရအောင်