ကျိုက်မရော၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားစည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်၊  ကျိုက်မရောမြို့နယ်တွင် (၈၇)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို အတ္တရံမြစ်အရှေ့ဘက်ကမ်းရှိ ဖာသိမ်ကျေးရွာနှစ်သစ်ကူးပွဲတော်ကျင်းပရာကွင်းပြင်၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

ဦးစွာ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြု၍ ကရင်တိုင်းရင်းသား အလံအားလွှင်တင်ခဲ့သည်။ ယင်းနောက်  ကရင်စာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောထွန်းအေးက အဖွင့်အမှာစကားပြောကြားပြီး ကရင်တိုင်းရင်းသားစောထွန်းမင်းစိုးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြားကာ နှစ်သစ်ကူးဆုတောင်းစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာတော်ကြီးနှင့် သံဃာတော်များအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများဆက်ကပ် လှူဒါန်းပြီးတက်ရောက်လာသူရပ်ဝေးရပ်နီးမှ ဧည့်သည်တော်များအားကရင်ရိုးရာတိုင်းရင်းသားအစားအစာများ ကျွေးမွေးကြပြီး  ကရင်ရိုးရာဒုံးရိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ် ထွေး(ကျိုက်မရော)