နေပြည်တော် ဒီဇင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၌ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကြီးကြပ်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၉ နာရီ ၃၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှု၍ မီးဘေးသင့်အိမ်ထောင်စုအား သွားရောက်၍ အားပေးစကားပြောကြားသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်းခူ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်ဆုံးရှုံးခဲ့သည့် လူနေအိမ်တစ်လုံး၊ မီးဘေးသင့်အိမ်ထောင်စုတစ်စု၊ လူဦးရေသုံးဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ သုံးပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်နှစ်သိန်းနှင့် ဆန်ရိက္ခာဖိုး ၆၃၀၀ ကျပ် စုစုပေါင်း ငွေကျပ် ၂၀၆၃၀၀ ကျပ်အား မီးဘေးသင့်ပြည်သူများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)