ကျိုက်ထို ဒီဇင်ဘာ ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဘုရားစေတီများ၌ အများပြည်သူပိတ်ရက်ရှည်ကာလဖြစ်သည့် ယမန်နေ့တွင် အားလပ်ရက် အပန်းဖြေခရီးသွာလာသူ ဘုရားဖူးကုသိုလ်ယူသူတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်အတွင်း ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအပါအဝင် ကျိုက်ပေါလောရုပ်ပွားတော်မြတ်၊ ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးစသည့် ထင်ရှားကျော်ကြားသည့် ဘုရားစေတီများတွင် ဒီဇင်ဘာပိတ်ရက်ရှည်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြကာ ရွှေသင်္ကန်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများကပ်လှူပူဇော်ကြခြင်း၊ တရားဘာဝနာများပွားများခြင်းတို့ဖြင့် ကုသိုလ်ပြုခြင်း၊ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေခြင်းတို့ကို မိသားစုအလိုက်၊ အဖွဲ့အလိုက် လာရောက်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဘုရားဖူးပြည်သူများအန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရန်အတွက် ဘုရားစေတီအသီးသီးတို့ရှိ ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီပေးကာလုံခြုံအေးချမ်းစေရေး ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုပြန်/ဆက်