ဒဂုံမြောက် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ကြီးချမ်းသာမဟာ စေတီတော်ကြီး (မြို့ဦးစေတီ)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၆)ရပ်ကွက် ပြည်ထောင်စုလမ်းရှိ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ)၊ တောင်ဘက်စောင်းတန်းတွင် ယမန်နေ့ညနေ (၅)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ကြီးချမ်းသာမဟာစေတီတော် (မြို့ဦးစေတီ)၏ (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားအား နမောဒဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို စေတီတော်ကြီး တည်ထားပြီး အလယ်ဌာပနာသွင်းသည့် ၁၉၉၆ခုနှစ် ဒီဇင်ဘာ (၃၀)ရက်နေ့မှ စတင်ကျင်းပလာခဲ့ရာ ၂၀၂၄ခုနှစ်တွင် (၂၆)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ စေတီတော်ကြီးအား မြို့နယ်ဩဝါဒစရိယ ဆရာတော်ကြီးများနှင့် ဂိုဏ်းပေါင်းစုံမြို့နယ်သံဃနာယက ဆရာတော်ဘုရား (၉)ပါးနှင့် ယနေ့နံနက်ပိုင်းက ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်ခဲ့ပြီးဖြစ်ပြီး ဘာဏကသံဃာတော်များမှ အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ကို ဒီဇင်ဘာ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် ပူဇော်သွားမှာဖြစ်ကြောင်း၊ ဘုရားပွဲတော်အား ဇန်နဝါရီ (၃)ရက်နေ့မှ ဇန်နဝါရီ (၁၂)ရက်နေ့ထိကျင်းပ၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ (၁၂)ရက်နေ့ ညနေ (၃)နာရီတွင် စေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ည (၇)နာရီတွင် မဟာဒုတ်ဘုရားများ မဲဖောက်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ ယခုဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြသော အဖွဲ့အစည်းများ၊ ဂေါပကအဖွဲ့ဝင်များ၊ ကော်မတီဝင်များ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍ စေတီတော်ကြီးသန့်ရှင်း သာယာလှပရေး၊ သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စေတီတော်ဂေါပကအဖွဲ့ဝင်များ စေတနာရှင်ပြည်သူများ၊ အလှူရှင်များဖြင့် စေတီတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စေတီတော်ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ဉက္ကဋ္ဌမှ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ စေတီတော်ဩဝါဒစရိယအနန္တဂုဏ်ရည် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသူရိယ၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ စေတီတော်ဩဝါဒစရိယပညာရာမ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဏ္ဏိစ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဒေါက်တာရွှေပြည်စိုး၊ ဦးစိန်မော်၊ ဒုတိယပါမောက္ခချုပ်(ငြိမ်း) သာသနာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သတ်မှတ်နေရာအသီးသီးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)