ညောင်ဦး ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် ကီလိုမီတာ ၁၀၀ ခရီး ရှည်မြင်းစီးအားကစားပြိုင်ပွဲဖွင့်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီခွဲအချိန်က မြကန်တမံတောင်ဘက် Tuyin Valley Eco-Farm တွင်စတင်ကာ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲတာလွှတ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးရှည်မြင်းစီးအားကစားပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များတက်ရောက်အားပေးခဲ့ကြောင်းသိရပြီး မြင်းစီးပြိုင်ပွဲဝင်များမှ ပထမအကျော့ ၄၀ ကီလိုမီတာ၊ ဒုတိယအကျော့ ၃၅ ကီလိုမီတာ၊ တတိယအကျော့ ၂၅ ကီလိုမီတာ၊ စုစုပေါင်း ကီလိုမီတာ ၁၀၀ သုံးကျော့ပြန်ပြိုင် ပွဲဝင်ခဲ့ကြကြောင်းသိရသည်။ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် fei.1 Endurance အရည်အချင်းစစ်ကီလိုမီတာ (၁၀၀)အရည်အချင်းစစ်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရအားကစားသမားများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးလှိုင်ဦးတို့မှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်နှင့်တာဝန်ရှိသူများက မြင်းစီးပြိုင်ပွဲဝင်အားကစားသမားများအား အသိအမှတ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မြင်း(၁၁)စီး၊ မြင်းစီးအားကစားသမား ၁၁ ဦးတို့ပါ ဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း