မန္တလေး ဒီဇင်ဘာ ၂၈
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(ပထမပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၁၉လမ်း(နန်းမြို့)ဦးထိပ်တံတားတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ ဆရာအတတ်ပညာသင်ကောလိပ်၊ သူနာပြုတက္ကသိုလ်၊ အားကစားနှင့်ကာယပညာသိပ္ပံတို့မှ ကျောင်းသား၊ ကျောင်းသူများ၊ လုပ်သားပြည်သူများ စုစုပေါင်း ၂၅၀၀ ဦးကျော် ပါဝင်ဆင်နွှဲကြသည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုစုပေါင်းလမ်းလျှောက်ပွဲအား သေနက်ပစ်ဖောက်ကာ တာလွှတ်ပေးသည်။
ထို့နောက် ဦးထိပ်တံတားမှစတင်ကာ ရတနာပုံဥယျာဉ်အတွင်းမှ ကျုံး၏အရှေ့တောင်ထောင့်အထိ တပျော်တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ(၁)၊(၂)၊ Fitness Dance အကတို့ဖြင့် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)