ဥတ္တရခရိုင်၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ဥတ္တရသီရိ ဒီဇင်ဘာ ၃၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဓာတ်ပုံဝန်ထမ်းများနှင့် သတင်းရေးဝါသနာပါသောဝန်ထမ်းများ သတင်းရေးသားရာတွင် နည်းစနစ်မှန်ကန်စေရန်၊ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်ဖွင့်လှစ်သင်ကြားသည့်သတင်းရေးသား နည်းသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက Online စနစ်ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ရာ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးဒေါ်ခင်မာဖြူက သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း ရည်ရွယ်ချက်များကိုပြောကြားပြီး သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Online သင်တန်းတွင် ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက သတင်းရေးသားရာတွင် ပိရမစ်ပြောင်းပြန်သတင်းရေးနည်း၊ သတိပြုရမည့် မြန်မာအက္ခရာအသုံးအနှုန်းများ၊ သတင်းရေးသားသူတို့ သတိထားရမည့်အချက်များ၊ သတင်းဆောင်းပါးရေးသားရာတွင် လိုက်နာရမည့် အသုံးအနှုန်းများ၊ ကိန်းဂဏန်းများ၊ မှားယွင်းတတ်သည့် သတ်ပုံများ၊ သတင်းပြန်ကြားရေးလုပ်ငန်းအတွက် လူထုဆက်သွယ်ရေးနည်းလမ်းများစသည်တို့ကို အသေးစိတ်ရှင်းလင်းသင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်များမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်း ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)