ရန်ကုန် ဒီဇင်ဘာ ၃၀
ကရင်နှစ် ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားအလံတင်အခမ်းအနားနှင့် နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ၌ ကျင်းပသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ရန်ကုန်တိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီနာယက သီရိပျံချီ ဦးစောထွန်းအောင်မြင့်နှင့်ဇနီး၊ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်နှင့်ဇနီး၊ ဒေါက်တာမောင်မောင်နိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကရင်စာပေနှင့် ယဥ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် ကရင်တိုင်းရင်းသား၊ တိုင်းရင်သူများ တက်ရောက်ကြပြီး ကရင်အမျိုးသားအလံကို လွှင့်တင်ကာ အလေးပြုကြသည်။
ထို့နောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝဏ္ဏကျော်ထင်ဦးဇော်အေးမောင်၊ ဗိုလ်မှူးချုပ် စောဆန်နီနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည်(၉)ချက်တီးပြီး ကရင်လူငယ် (၉)ဦးက ကျွဲချိုမှုတ်၍ အခမ်းအနားဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ကရင်နှစ်သစ်ကူး နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားရာ ကရင်မိဘဘိုးဘွားတို့၏ တခုတည်းသော အမွေအနှစ်နေ့ကြီးဖြစ်ပြီး ကရင်တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးသည့် ဤကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ကြီးကို /ကမ္ဘာတည်သရွေ့၊ အရှည်တည်တံ့ခိုင်မြဲအောင်၊ နှစ်စဉ်နှစ်တိုင်း မပျက်မကွက်၊ အမျိုးသားရေး အနှစ်သာရပြည့်ဝစွာ ကျင်းပကြရန်၊ ကရင်လူမျိုးတို့၏ ကောင်းမြတ်သော အရည်အချင်းဖြစ်သည့် ရိုးသားဖြူစင်ခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ သစ္စာတရားကိုလေးစားခြင်း၊ ဘုရားတရားကို ဦးထိပ်ထားခြင်းတို့ကို သားစဉ်မြေးဆက်၊ ဆက်လက်ထိန်းသိမ်းကြရန်၊ ကိုယ်ကျင့်တရားကို လက်ကိုင်ထား၍ (ပညာရေးကို အလေးပေးသင်ယူပြီး အလုပ်ကို စည်းကမ်းတကျ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားအားထုတ်လုပ်ကိုင်ကြရန်၊ မိမိနိုင်ငံ အချုပ်အချာတည်တံ့ခိုင်မြဲရေးနှင့် ပြည်ထောင်စုမပြိုကွဲရေးသည်၊ တိုင်းရင်းသားအားလုံး၏ မွေးရာပါတာဝန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ၊ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ ရေရည်အဓွန့်ရှည်အောင်မြင်နိုင်မည်ဆိုသည့်အချက်ကို အမြဲရင်ဝယ်ပိုက်ထားကြရန်၊ ကရင်အမျိုးသားအားလုံး၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ရင်း၊ အေးချမ်းသာယာတည်ငြိမ်၍ ညီညွတ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးအဖြစ်သို့ ရောက်ရှိရန် တက်ညီလက်ညီ ကြိုးပမ်းပါဝင်ဆောင်ရွက်ကြရန်၊ တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံ့အကျိုးကို တတ်ညီလက်ညီ ဆောင်ရွက်ကြရန်၊ မိမိတို့ကရင်လူမျိုးများ၏ ခေတ်အဆက်ဆက် အမြတ်တနိုးတန်ဖိုးထားခဲ့ကြသည့် ကရင်ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သော ကရင်လူမျိုးတို့၏ ဘာသာစကား၊ စာပေ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို “မျိုးချစ်စိတ်ဓာတ်”ဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်၊ ကရင်လူမျိုးတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးအတွက် ညီအစ်ကိုတိုင်းရင်းသားများနှင့် အတူတကွ လက်တွဲဆောင်ရွက်၍ “ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး"ကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်၊ တက်ညီလက်ညီကြိုးပမ်း တည်ဆောက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါကြောင့်ဖြင့် ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူးနေ့ အခမ်းအနားမျိုးကဲ့သို့ ကျန်တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနှင့်လည်း မိမိတို့လူမျိုးများ တည်တံ့နေစေရန်အတွက် မိမိတို့၏ ဘာသာစကားစာပေ၊ ယဥ်ကျေးမှုများကို မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းကြပါရန်၊ မိမိတို့တိုင်းရင်းသားအချင်းချင်း ဥမကွဲသိုက်မပျက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်စည်းလုံးလုံးညီညီညွတ်ညွတ်နှင့် မိမိတို့တိုင်းပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်အမျိုးသားနှစ်သစ်ကူးနေ့အကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပဲခူးရိုးမတောင်ပေါ်နေ ကရင်လူမျိုးများ၏ ကရင်ရိုးရာအိုးစည်အက၊ ကွမ်းခြံကုန်းမြို့နယ် ကရင်ရိုးရာဒုံးအက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာဝါးညှပ်အက၊ မှော်ဘီမြို့နယ် ကရင်ရိုးရာကြိုးကျစ်အက၊ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ် ရှားလဖလုံ(လူပျိုကြီးဒုံး)အကနှင့် မှော်ဘီမြို့နယ် ကရင်ရိုးရာဒုံးအကဖြင့် တို့ဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းတို့က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့်အလှူငွေကျပ် သိန်း ၁၅၀ ကို ပေးအပ်ချီမြှင့်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများဖြစ်ကြသည့် ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနှင့် လက်ဝှေးထိုးပြိုင်ပွဲများကို မော်ယာဥ်များဖြင့် လှည့်လည်ကြည်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)