(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSME ဒေသထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ (၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် MSME ဒေသထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသအတွင်းရှိ MSME လုပ်ငန်းရှင်များ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင်ရေး၊ ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား ထုတ်လုပ်မှုနည်းပညာ၊ စီးပွားရေးနှင့် ပတ်သက်သော အသိပညာများရရှိစေ ရေး၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်စေရေးအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြပွဲများဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းရှင် အချင်းချင်းစီးပွားရေး ကွန်ရက်ချိတ်ဆက်နိုင်ခြင်း၊ လုပ်ငန်းတူအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း၊ နည်းပညာများ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည့်အတွက်   စီးပွားရေးလုပ်ငန်းများကို လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလွင်၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် တောင်ကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးတင့်လှိုင်တို့မှ ဒေသထုတ်ကုန်ပြပွဲနှင့် ဈေးရောင်း ပွဲတော်အခမ်းအနားအား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။

၎င်းနောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက လုပ်ငန်းရှင်များမှ ပြသထားသည့် ဒေသထုတ်ကုန် ပြခန်း(၆၀)ခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။

အဆိုပါ MSME ပြခန်းများနှင့် ဈေးရောင်းပွဲတော်အား ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့ထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းသန်းကျော် (တောင်ကြီး)