ကျောက်ပန်းတောင်း ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ယခင်စံပြကျောင်း၊ ကျောင်းသား၊ကျောင်းသူဟောင်းကြီးများ၏ (၂၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲကို၊ ယမန်နေ့ နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး၊ အာစရိယပူဇော်ပွဲ နှစ်စဉ်မပျက် ကျင်းပရခြင်းရည်ရွယ်ချက်များကို ကျောင်းသားဟောင်း ဦးဝင်နိုင်က ရှင်းလင်းတင်ပြသည်။ ယင်းနောက် အလှူငွေရရှိမှုစာရင်းနှင့် တစ်သီးပုဂ္ဂလ အလှူရှင်များစာရင်းကို ဖတ်ကြားတင်ပြပြီး၊ ပူဇော်ကန်တော့လွှာကို ကျောင်းသားဟောင်းတစ်ဦးမှ ဦးဆောင်ဖတ်ကြားကာ ဆရာကြီး ဆရာမကြီးများအား ဦးခိုက်ရှိခိုးပူဇော်ကန်တော့ကြပြီး၊ ကန်တော့ငွေများကို လက်ရောက်ပေးအပ်ကြသည်။ ယင်းနောက် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ဆရာမကြီး ဒေါ်မြစိန်က ဩဝါဒစကား ချီးမြှင့်၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုပ်သိမ်းခဲ့သည်။
အဆိုပါ (၂၇) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၁၀၉)ရှိသည့်အနက် (၇၈)ဦး တက်ရောက်ကန်တော့ခံခဲ့ကြကြောင်း သိရပြီး၊ မတက်ရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့ကြမည်ဖြစ်ကြောင်းနှင့် အခမ်းအနားကို ကျောင်းသား/ကျောင်းသူဟောင်း စုစုပေါင်း(၁၂၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)