မုဒုံ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ်၌ လက်ရိုက်အုတ်များကို နိုဝင်ဘာလမှ မေလအထိ လုပ်ကိုင်ကြပြီး ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်မှုများပြားသောကြောင့် လက်ရိုက်အုတ်များ ဝယ်လိုအားမြင့်တက်လာ၍ လုပ်ငန်းရှင်များနှင့် လုပ်သားများ အဆင်ပြေလျက်ရှိသည်။
အုတ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ရွှံ့မြေကြီးများ အဓိကထား၍ ပုံစံခွက်ဖြင့် ရွှံ့မြေများကိုထည့်ကာ နေလှန်းပြီး မီးဖြင့် နှစ်ရက်ကြာ အုတ်ဖုတ်ရကြောင်း၊ လုပ်ငန်းများအတွက် လိုအပ်သည့် လုပ်သား များကို ပဲခူး၊ ဧရာဝတီ စသည့်နေရာများမှ ရွှေ့ပြောင်း လုပ်သားများခေါ်ယူ၍ တစ်ရက်ကို တစ်ဦးလျှင် (၁၀၀၀၀)ကျပ်နှင့် လုပ်ငန်းပြီးစီးမှု ပေါ်မူတည်၍ ပုတ်ပြတ်ပေးရကြောင်း၊ ထွက်ရှိလာသည့် အုတ်များကို မုဒုံမြို့နယ်အပြင် မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ဘုရားသုံးဆူမြို့နယ်များအထိ တင်ပို့ရောင်းချ ရကြောင်း၊ ယခင်နှစ်က အုတ်တစ်လုံး (၁၃၅)ကျပ် ရရှိခဲ့ပြီး ယခုနှစ်တွင် စျေးမြင့်လာကာ (၁၉၀)ကျပ်နှုန်းအထိ ရောင်းချရကြောင်း အုတ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
မုဒုံမြို့နယ်တွင် အုတ်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင် (၁၇)ဦးရှိပြီး တစ်နှစ်တာကာလပတ်လုံး အုတ်အလုံးရေ (၁၀)သန်းကျော် ထုတ်လုပ်ရောင်းချရကာ လက်ရှိအချိန်တွင် ဝယ်လိုအားမြင့်တက်နေခြင်းကြောင့် အုတ်များထွက်ရှိသလောက် တင်ပို့ရောင်းချနေရကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)