နေပြည်တော် ဒီဇင်ဘာ ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်း၊ မကျီးကုန်းကျေးရွာတွင် ပိုက်ဆံလျှော် စိုက်ပျိုးနေမှု၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇) တွင် နဝင်းချောင်းတံတား(အဆုံ) အရှည်ပေ ၁၉၀ အား လေးလမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ၌ ကျင်းပသည့် ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရာက်၍ တောင်သူများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့သည့် မွေးမြူရေးတောင်သူများ၏ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရန်နှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး ဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ ယခုပေးအပ်သော တိရစ္ဆာန်များအား စနစ်တကျ အောင်မြင်စွာ မွေးမြူနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူရေး၊ တိရစ္ဆာန်အစာများကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ကျွေးမွေးနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အပြင် သီးထပ်သီးညှပ်များစိုက်ပျိုးရေး၊ သီးထပ်စွမ်းအား တိုးတက်မြင့်မားရေး၊ ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရရှိရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား အစားထိုးပြန်လည်ဖြည့်ဆည်းပေးသော ဒေသနွားများ လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး အစားထိုးပြန်လည် ဖြည့်ဆည်းပေးသည့် ဒေသနွားများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ပုဏ္ဏမာကျေးရွာအနီးရှိ တောင်သူဦးဇော်မင်ထွန်း၏ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေတွင် မေမြို့ပန်း၊ ဂန္ဓမာပန်းများနှင့် ခရမ်းသီးနှံများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ မကျီးကုန်း ကျေးရွာအုပ်စု၊ မကျီးကုန်းကျေးရွာ ကွင်းအမှတ် ၁၄၅၀ ရှိ ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများက ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများတွင် တင်ကျန်ခဲ့သည့် သစ်တုံး၊ သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ သီးထပ်သီးညှပ်များ စိုက်ပျိုးရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ယာမြေများတွင် ဆောင်းသီးနှံပြန်လည်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးနှင့် သီးထပ်သီးညှပ်များ စိုက်ပျိုးရေး၊ သီးထပ်စွမ်းအားများ တိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲရေး၊ သွင်းအားစုများ စနစ်တကျ သုံးစွဲရေးတို့ကို အလေးထားလိုက်နာ ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို နည်းစနစ်တကျ လိုက်နားဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများအား ပိုက်ဆံလျှော် မျိုးစေ့များကို ပေးအပ်ကြသည်။
ထို့နောက် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး မကျီးကုန်းကျေးရွာ ကွင်းအမှတ် ၁၄၅၀ တွင် ပိုက်ဆံလျှော် စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၂၄၅/၇ တွင် တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၂) တံတားအထူးဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်နေသည့် နဝင်းချောင်းတံတား(အဆုံ) အရှည်ပေ ၁၉၀ အား မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွား တံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများကို သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထားဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)