တပ်ကုန်း ဒီဇင်ဘာ ၃၀
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့်ကောင်စီဝင်များသည် တိုင်း၊ ခရိုင်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိ တပ်ကုန်းဒဟတ်ကုန်း သကြားစက်ရုံနှင့် ရာဂီမုန်တိုင်းအလွန် လယ်ယာမြေများပြုပြင်ထားရှိမှုများကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ရာ တပ်ကုန်းဒဟတ်ကုန်းသကြားစက်ရုံမှူး ဦးမြင့်သန်းက သကြားစက်တည်နေရာ၊ စက်ရုံစတင်တည်ဆောက်မှု၊ သတ်မှတ်စက်စွမ်းအား၊ သကြားထုတ်လုပ်သည့်နည်းစနစ်၊ ထုတ်လုပ်သည့် သကြားအမျိုးအစား၊ တစ်ရာသီအတွက် လိုအပ်သည့် ကြံစိုက်ဧက၊ ကြံတန်ချိန်၊ ကြံသယ်ယာဉ်၊ လျှပ်စစ်ဓာတ်အား၊ ရေလိုအပ်ချက်များ၊ ၂၀၂၄-၂၀၂၅ ခုနှစ် ကြိတ်ဝါးမည့် ကြံတန်ချိန်နှင့် ထွက်ရှိမည့်ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် သကြားစက်ဒါရိုက်တာ ဦးအောင်မြင့်က ကြံတစ်ဧကထွက်ရှိမှု၊ ကြံဝယ်မှုနှင့်စက်ရုံလည်ပတ်မှု အားသာချက်၊ အားနည်းချက်များ၊ ကြံစိုက်တောင်သူများနှင့် ကြံဝယ်ယူရေးအတွက် စာချုပ်ထားရှိမှုများ ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ကောင်စီဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမြင့်စိုးတို့က လိုအပ်သည်များ ပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ပြီး သကြားစက်လည်ပတ်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်ကောင်စီဝင်များသည် မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ရှောက်ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၁၁-က ရှောက်ကုန်းကွင်းအတွင်း ရာဂီမုန်တိုင်းအလွန် လယ်ယာမြေများ ပြုပြင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်