ပင်းတယ ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးအတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲအား ရွာသစ်ရပ်ရပ်ကွက်အတွင်းရှိ မြို့နယ်ဓမ္မာရုံရှေ့၌ စုရပ်အဖြစ်သတ်မှတ်ကာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကဦးဆောင်၍ သဘာဝပုန်းတလုတ်ကန်ပတ်လမ်းအတိုင်း မြို့မဘောလုံးအားကစားကွင်းအထိ တစ်ပျော်တစ်ပါးတည်း စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပင်းတယမြို့မဘောလုံးအားကစားကွင်းအတွင်း၌ ကိုယ်လက်လေ့ကျင့်ခန်းများနှင့် သွေးပူလေ့ကျင့်ခန်းများကို စုပေါင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲအပြီးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့သည် ရွေဉမင်သဘာဝလှိုင်ဂူတက်လမ်းတစ်လျှောက် စိမ်းလန်းစိုပြေ သာယာလှပရေးအတွက် လမ်းဘေးဝဲယာတစ်လျှောက်တွင် ကံ့ကော်ပင်များ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)