မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဒီဇင်ဘာလူထုအားကစားလ နောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် ဒီဇင်ဘာ ၂၉

လူထုအားကစားလှုပ်ရှားဆောင်ရွက်မှုတွင် ငွေကုန်ကျမှုအနည်းဆုံးဖြစ်ပြီး အသက်အရွယ်မရွေး စုပေါင်းလေ့ကျင့်နိုင်သည့် ကိုယ်လက်လှုပ်ရှားအားကစားဖြစ်သည့် စုပေါင်းလမ်းလျှောက်ခြင်းသည် အ‌ထောက်အကူပြုပစ္စည်းများမပါဝင်သော အားကစားလှုပ်ရှားမှုတစ်ရပ်ဖြစ်သည်နှင့်အညီ ယမန်နေ့ နံနက်ပိုင်းက ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုသားဖွားသင်တန်းကျောင်း၊ အားကစားနှင့်ကာယသိပ္ပံလေ့ကျင့်ရေးကျောင်း(မော်လမြိုင်)၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားလိုက်စားသူ အများပြည်သူများ အင်အား (၁၃၀၀)ကျော်သည် စုရပ်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံး မောရဝတီပန်းခြံရှေ့မှစတင်ပြီး ဗဟိုလမ်းတစ်လျှောက်၊ ဒိုင်းဝန်ကွင်းလမ်းတစ်လျှောက်နှင့်  ရာမညအားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ခြင်းကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျန်းမာရေးကိုလိုက်စားသည့် အများပြည်သူများသည် ရာမညအားကစားကွင်းတွင် သွေးပူလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ Fitness Dance အကတို့ဖြင့် အတူတကွ စုပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အမျိုးသား၊ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသားအမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ အပြေးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပျော်ပွဲရွှင်ပွဲအစီအစဉ်အနေဖြင့် အမှတ်တရဆုမဲများ ဖောက်ပေးခဲ့ကြကာ ဆုရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)