မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသည့် ပထမအကြိမ် စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ STRAND HOTEL ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦိးစွာ မော်လမြိုင်တက္ကသိုလ် ကျောင်းသူလေးများက မွန်တိုင်းရင်းသား ရိုးရာအကအလှ များဖြင့်လည်းကောင်း၊ မွန်တိုင်းရင်းသား တေးသံရှင်များမှ မွန်တေးသီးချင်းများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီကို မောင်နှမများရဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုတက်အောင် ဆောင်ရွက်ရာတွင် အများကြီး အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဒေသအသီးသီးတွင်ရှိနေသည့် မွန်လုပ်ငန်းရှင်များ စုစည်းမှု အင်အားဖြင့် ဒေသအတွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်း၀န်းဆောင်ရွက်ရန်လိုအပ်သလို ဒေသထွက်ကုန်များကို နိုင်ငံတကာသို့ ပို့ဆောင်ဖြန့်ဖြူး ရောင်းချနိုင်ရေး၊ ဈေးကွက်ချိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မွန်တိုင်းရင်း သား လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ပြည်နယ်အတွက် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ ပိုမိုဖြစ်ထွန်း အောင်မြင်အောင်နှင့် ဒေသထွက်ကုန်စည်များကို ပြည်နယ်တွင်သာမက နိုင်ငံတကာသို့ပါ ထိုးဖောက်နိုင်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြား ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် ဒေသထွက် ကုန်စည်ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပြီး မွန်လုပ်ငန်းရှင်များအသင်းနှင့် စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များမှ စီးပွားရေးဆိုင်ရာများ ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)