မော်လမြိုင်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းဆောင်ရွက်

မော်လမြိုင်  ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူ ၍ (UID) နံပါတ်ထုတ်ပေးခြင်းအား မြောက်ဘက်ကွင်း ဘုန်းတော်ကြီးကျောင်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းနှင့် ပြည်သူများ၏ Biographic နှင့် Biometric Data ကောက်ယူခြင်းအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင် မြို့နယ် ဦးစီးမှူးရုံး၏ ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် ရပ်ကွက်နေပြည်သူများအား ဆောင်ရွက် ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ အဆင်ပြေချောမွေ့စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် (၅၇၂)  ဦးနှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူသူ (၂၅၀)ဦးတို့အား (UID)နံပါတ်ရရှိစေရေး ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်သူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့်  e-ID စနစ်အဆင်ပြေစေရေး လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြတ်သွင်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်းနှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)