တွံတေး ဒီဇင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တွံတေးမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဥ်(၂/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီအချိန်ကအ.ထ.က(၂)မြို့မတွံတေး၊ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် တွံတေးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကြီးအောင်၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ဥက္ကဋ္ဌ ဦးသန်းဝင်းလှိုင်၊ အ.ထ.က (၂)မြို့မတွံတေး ကျောင်းအုပ်ဆရာကြီး ဦးခင်ဇော်ညွန့်တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်းကိုပြုစုခြင်း၊ အပူလောင်ခြင်းနှင့်အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊မူးမေ့ခြင်းနှင့်သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့်တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း ရိုးဆက်ကြောနှင့် ကြွက်သားများထိခိုက်မှု၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း အစရှိသည့်သင်ခန်းစာများကို မြို့နယ်ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးသန်းဝင်းလှိုင်နှင့် တပ်ခွဲမှူးများနှင့် သင်တန်းဆရာများက စာတွေ့၊လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၅၈)ဦးတက်ရောက်သင်ကြားလျက်ရှိရာ သင်တန်း ကာလမှာဒီဇင်ဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ၃၀ရက်နေ့အထိ(၃)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား