တပ်ကုန်း ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဌေးထိုက်က ကြို့ကုန်းကျေးရွာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်သော နွားများအား နွားမွေးတောင်သူများထံ လွှဲပြောင်းပေးအပ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများက ပုဏ္ဏမာကျေးရွာနှင့် ကြို့ကုန်းကျေးရွာချင်းဆက် အရှည် ၂၄၀ ပေ၊ အကျယ် ၄ ပေရှိ ကြိုးတံတားအား ရာဂီမုန်တိုင်း အရှိန်ကြောင့် အနည်းငယ်ထိခိုက်မှုနှင့် ပြန်လည်ကုစားနိုင်ရေး ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပြင်ဆင်နိုင်ရေး၊ နုန်းဖုံး၊ သစ်တိုသစ်စဖုံး လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအား တောင်သူများနှင့်ပူးပေါင်း ဆောင် ရွက်ရေး ဆွေးနွေးမှာကြားခဲ့ပြီးနောက် ကြို့ကုန်းကျေးရွာအတွင်း လူနေအိမ်ပြန်လည် တည်ဆောက်ထားရှိမှုများအား ကြည့်ရှုကာ ကျေးရွာသူ၊ ကျေးရွာသားများအား သက်မွေးဝမ်းကြောင်း ပညာရပ်များ သင်ကြားပေးရေးနှင့်အားပေးစကားများပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ ကွင်းအမှတ် ၁၄၅၃ ကြို့ကုန်းကွင်း၊ နုန်းဖုံး၊ သစ်တိုသစ်စဖုံး လယ်ယာမြေများအား သစ်ထုတ်လုပ်ရေးစခန်းနှင့် မြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှ စက်ယန္တရားများဖြင့် ဖယ်ရှားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုပြီး သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ရာ တောင်သူများဘက်မှလည်း သီးနှံများအချိန်မီ စိုက်ပျိုးရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်