ဂန့်ဂေါ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီကအခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) ပုံညာခန်းမတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါမြို့နယ်ပညာရေးမှူး(တာဝန်ခံ)ဆရာကြီး ဦးရာထွန်း၊ ဖိတ်ကြားထားသည့်ဧည်သည်တော်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး(တာဝန်ခံ)ဆရာကြီး ဦးရာထွန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ယခုအချိန်ကာလတွင် နိုင်ငံတစ်ဝှမ်းလုံး၌ (၇၇)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားပွဲများနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် လျက်ရှိကြောင်း၊ ယနေ့တွင်ပြုလုပ်သည့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ပုံများကို သိရှိမှသာ လွတ်လပ်ရေး၏တန်ဖိုးကို သိရှိမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲက လွတ်လပ်ရေးနေ့အကြောင်းကို သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန်အတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ကြောင်းတို့ကို အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)မှ ကျောင်းသား၊ ကျောင်းသူ(၅)ဦးက “လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးနှင့် လူငယ့်တာဝန်”၊ “နိုင်ငံတော်တိုးတက်ဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းစို့”၊ “(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် စည်းလုံးညီညွတ်သော နိုင်ငံတော်ကြီး တည်ဆောက်စို့” စသည့်ခေါင်းစဉ်များကို မဲနှိုက်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နယ်အဆင့် ကျင်းပပြုလုပ်မည့် ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများဖြစ်သည့် အလယ်တန်းအဆင့် ဘောလုံးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မျိုးမင်း(ပြန်/ဆက်)