တောင်ဥက္ကလာပမြို့နယ် Community Centre ၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

တောင်ဥက္ကလာပ  ဒီဇင်ဘာ  ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက   ကျောင်းသား၊ ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ်ထက်သန်စေရန် လွတ်လပ်ရေးနေ့အကြောင်း အသိပညာပေး  အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ်စာရေးဆရာမ ပေါက်ပေါက်က လွတ်လပ်ရေး၏အဓိပ္ပာယ်၊ လွတ်လပ်ရေး‌နေ့သမိုင်းကြောင်းနှင့် လွတ်လပ်ရေးနေ့ဖြစ်‌ပေါ် လာပုံအကြောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက  ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို စိတ်ပါ၀င်စားစွာ ကြည့်ရှု‌လေ့လာခဲ့‌ကြောင်း သိရသည်။

ခင်ဆွေနှင်း