ရပ်စောက်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ

ရပ်စောက် ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် (ထက်၊ လယ်၊ မူ)အဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတို့ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ရပ်စောက်)နှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ဗထူး)တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျပန်းစကားပြောပြိုင်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်ထွန်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ စာဖတ်စွမ်းရည်၊ တွေးခေါ်မြော်မြင်မှုစွမ်းရည်၊ စကားပြောစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် (ထက်၊ လယ်၊ မူ)စာစီစာကုံးပြိုင်ပွဲတွင် “လွတ်လပ်ရေးအောင်ပွဲတို့ဆင်နွှဲ၊ လွတ်လပ်ရေးနေ့တို့မမေ့၊ လွတ်လပ်ရေးနှင့် အနာဂတ်လူငယ်တာဝန်” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အထက်တန်းဆင့်ကဗျာပြိုင်ပွဲတွင် “လွတ်လပ်ရေးကိုအခြေတည် သွေးစည်းချစ်ကြည်လက်တွဲညီ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် “လွတ်လပ်ရေးနှင့် လူငယ်တာဝန်၊ ဗိုလ်ချုပ်၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ စည်းလုံးညီညွတ်မှသာ လွတ်လပ်ရေးတည်တံ့ခိုင်မြဲမည်” စသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၃၈)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်တွင် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)