ကျောက်တန်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ချောင်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ကျောက်တန်း ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ချောင်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က  ၁၀ နာရီတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းထိုက်ရွှေက အဖွင့်အမှာစကားပြောပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်မှ ကွန်ကရစ်လမ်းသစ်ခင်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထိုနောက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးသန်းထိုက်ရွှေ၊ သန်လျင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်၊ ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးစိုးမြင့်ကျော်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးစုပေါင်းမှတ်တမ်းဓါတ် ပုံရိုက်ကူးခဲ့ကြကာ မဂ်လာဆိုင်းဘုတ်အား အမွှေးနံသာရေပက်ဖျန်း၍ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပြီး ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကရင်ချောင်ကျေးရွာ VDP စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းသစ်မှာ (၄၆၀'×၁၀'×၆") ပေရှိကြောင်း သိရသည်၊၊

နေလင်းကျော် (ပြန်/ဆက်)